မီးအားမြှင့်စက်အကြောင်း

 မီးအားမြှင့်စက်အကြောင်း

                               ===================

                            (Automatic Voltage Stabilizer)


၁။ AVS အကြောင်းလေးကို ကျွန်တော်သိမှတ်ထားသလောက် ပြန်လည်မျှဝေ ဆွေးနွေးချင်ပါ တယ်။ ကျွန်တော်တို့ အရပ်အခေါ်အရက မီးအားမြှင့်စက်လို့ ခေါ်ကြပါတယ်။ ကျွန်တော်ပေးချင်တဲ့ Message က မီးအားမြှင့်စက် ဘယ်လိုအလုပ်လုပ်သလဲ၊ ဘယ်လိုစနစ်ကပိုကောင်းသလဲ၊ စနစ်လေး တွေရဲ့ အားသာချက်၊ အားနည်းချက်လေးတွေကို သိစေချင်တာဖြစ်ပါတယ်။ နောက်တစ်ချက်က ခုနွေရာ သီ(မီးအားမြှင့်စက်ရာသီ) ရောက်ပြီဆိုတော့က ကျွန်တော်တို့ မီးအားကျတဲ့ဒုက္ခတွေ ခံနေရပါပြီ။ ဒီတော့ ဒီပြဿာနာကို ဖြေရှင်းနိုင်သူကြီးကို ၀ယ်ရမယ်၊ ဆင်ရမယ်။ ဘယ်လိုအီလက်ထရောနစ်ပစ္စည်းကို သုံးချင် ရင် ဘယ်လောက်ပမာဏ မီးအားမြှင့်စက် ၀ယ်ရမလဲဆိုတဲ့အရာလေးတွေကို ကျွန်တော်ဆွေး နွေးချင်ပါတယ်။ အထွေထွေဗဟုသုတခေါင်းစဉ်လေးပဲ ဖြစ်ပါတယ်။

 

၂။ AVS အကြောင်းလေးကို အောက်မှာဖေါ်ပြထားတဲ့ အကြောင်းအရာလေးတွေအလိုက် ဆွေးနွေး သွားပါ့မယ်။

 (က) AVR နဲ့ AVS ကွာခြားချက်

 (ခ) မီးအားမြှင့်စက် အမျိုးအစားများ 

 ( ဂ ) မီးအားမြှင့်စက်အမျိုးအစားများ အလုပ်လုပ်ပုံအခြေခံ

 (ဃ) မီးအားမြင့်စက် ဘယ်လို၀ယ်မလဲ


AVR နဲ့ AVS ကွာခြားချက်

+++++++++++++++++++

၃။ AVR (Automatic Voltage Regulator ) ဆိုတာက အထွက်မှာရှိတဲ့ Load Current တန်ဖိုး ဘယ်လိုပဲပြောင်းလဲနေပစေ Output Voltage ကို တစ်သမတ်ထဲတည်ငြိမ်အောင် ထိန်းညွှိပေးထားတဲ့ အမျိုးအ စားဖြစ်ပါတယ်။ ဥပမာ- 10 Amperes 5V Regulator က 10 Amperes အတွင်းမှာ Current ဘယ်လိုပြောင်းပြီးဆွဲဆွဲ အထွက် 5V က ဘယ်လိုမှမပြောင်းလဲပါဘူး။

၄။ AVS (Automatic Voltage Stabilizer) ဆိုတာက အ၀င်မှာရှိတဲ့ ဗို့တန်ဖိုးက သတ်မှတ်ထား တဲ့ Range အတွင်းမှာ ဘယ်လိုပဲပြောင်းလဲနေပစေ အထွက်ဗို့အားကို မပြောင်းလဲအောင် ဆောင်ရွက် ပေးနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဥပမာ- EPC က AC အ၀င်ဗို့က သတ်မှတ်ထားတဲ့ Range အတွင်း ဘယ်လိုပဲ ပြောင်းလဲနေပစေ အထွက်ဗို့အားကို (200 V မှ 220V) အတွင်း တည်ငြိမ်အောင်ထိန်းပေး ထားနိုင်ပါတယ်။


မီးအားမြှင့်စက် အမျိုးအစားများ

******************************

၅။ မီးအားမြှင့်စက်အမျိုးအစားတွေအနေနဲ့ အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါတယ်။

 (က) Manual Type Voltage Stabilizer

 ( ခ ) Relay Type Auto Voltage Stabilizer

 ( ဂ ) Servo Motor Type Voltage Stabilizer

 (ဃ) Static Voltage Stabilizer

၆။ အမျိုးအစားလိုက် အခြေခံအလုပ်လုပ်ဆောင်ပုံလေးတွေကို အနည်းငယ်စီ ဆက်လက်ရှင်းလင်း ပါ့မယ်။


Manual Type Voltage Stabilizer (လက်လှည့် မီးအားမြှင့်စက်)

*****************************************************************

၇။ ဒီအမျိုးအစား မီးအားမြှင့်စက်တွေကတော့ Control Card တွေ ၊ Relay တွေပါ၀င်ခြင်းမရှိ ပါဘူး။ ဗို့အနိုမ့်/အမြင့် အာရုံခံအပိုင်း (Over/Under Sensing) နဲ့ အချက်ပေးစနစ်(Alarm) ကိုထည့် သွင်းတည်ဆောက်ထားပါတယ်။ ဗို့အားအတက်အကျဖြစ်လာခဲ့ရင် Alarm မည်သံပေါ်ထွက်လာပါ တယ်။ Transformer ရဲ့ ဗို့အားအပြောင်းအလဲလုပ်ပေးမယ့် Tapping တွေကို လက်လှည့်ခလုတ် (Rotary Switch) မှာ တစ်ဆင့်ချင်းစီ တပ်ဆင်ထားပါတယ်။ ဗို့အားများ/နည်း Alarm ကိုကြည့်ပြီး လက်လှည့်ခလုတ်ကိုတင်မလား၊ အောက်ကိုချပေးရမလား စသဖြင့် လူကလုပ်ဆောင်ပေးရတာဘဲ ဖြစ် ပါတယ်။ Manual Type အနေနဲ့ ဗို့အားအတက်၊ အကျကို လူကိုယ်တိုင် လုပ်ဆောင်ပေးနေရတာ ဆိုတော့ အမြဲဂရုတစိုက်အသုံးပြုနေရတာတော့ အမှန်ပါဘဲ။ နောက်တစ်ခုက မီးအားအတက်အကျ တွေမှာ အလိုအလျောက်ပြောင်းေ့ရွှပြီး ဗို့အားတင်ပေး၊ချပေးနေတာမဟုတ်တော့ လူကနေ Rotary Switch ကို ပြောင်းလဲမှုလုပ်မပေးနိုင်တဲ့အချိန်မှာ ပြတ်တောက်မှုကို ဖြစ်ပေါ်နေပါတယ်။  ပုံ(၂) မှာ Manual Type Voltage Stabilizer နမူနာပုံစံကို ပြထားပါတယ်။


Relay Type Auto Voltage Stabilizer

******************************************

၈။ ဒီအမျိုးအစားကတော့ လက်ရှိအသုံးများလှတဲ့ အမျိုးအစားတစ်ခုဘဲ ဖြစ်ပါတယ်။ Solid State AVR လို့လည်းခေါ်ပါတယ်။ မီးအားထိန်းချုပ်မှုတွေကို Electronic Circuit တွေနဲ့ အာရုံခံခြင်း(Sensing ) ၊ ထိန်းချုပ်ခြင်း(Control) တွေကို ထည့်သွင်းပြီး လုပ်ဆောင်ထားတဲ့ စနစ်တစ်ခုဘဲ ဖြစ်ပါတယ်။ Transformer ရဲ့ Tapping တွေ တစ်ခုနဲ့ တစ်ခု အပြောင်းအလဲကိုလည်း Relay စနစ်ကိုသုံးပြီး အလိုအလျောက်(Auto) ပြောင်းလဲပေးနိုင်တဲ့ စနစ်တစ်ခုပါ။

၉။ Relay Type Auto မီးအားမြှင့်စက်တစ်လုံး အခြေခံအလုပ်လုပ်ပုံကိုတော့ ပုံ(၃) မှာ ပြထား တဲ့ Block Diagram လေးနဲ့ နည်းနည်းရှင်းချင်ပါတယ်။ 

 -#Power Supply Section။ Power Section အနေနဲ့က AVR မှာရှိတဲ့ Control Circuit  တွေ၊ Relay Section တွေကို အလုပ်လုပ်နိုင်အောင် Supply ကိုပေးရပါတယ်။ မိမိသုံးတဲ့  Relay  အမျိုးအအစား၊ အရေအတွက်တွေပေါ်မှာ မူတည်ပြီးတော့ Watt အကြီး၊ အသေးကို  တွက်ချက် ဆောင်ရွက်ရပါမယ်။ ပုံ(၄) မှာ အခြေခံကျတဲ့ Linear Type Power Supply  လေးကို နမူနာပြထားပါတယ်။ ဒီ Power Supply မှာဆိုရင် DC 30V ကို Control IC တွေကို  ပေးတဲ့ Supply 13VDC နဲ့ Relay Supply 24VDC တို့ကို ထုတ်ယူထားပါတယ်။ အခြားသော  SMPS Design များနဲ့လည်း တည်ဆောက်နိုင်ပါတယ်။ အထက်မှာဖေါ်ပြထားတာကတော့  ဥပမာ တစ်ခုသာဖြစ်ပါတယ်။

 -#AC Input Volt: Sensing ။ ဒီအပိုင်းမှာတော့ EPC ကပေးထားတဲ့ AC Volt: ကဘယ်  လောက်ရှိသလဲဆိုတာကို အာရုံခံတဲ့အပိုင်း ဖြစ်ပါတယ်။ Input AC Volt: ကို Transformer  အသေးစားလေးတစ်လုံး၊ Rectifier တစ်ခုကိုသုံးပြီး အ၀င်ဗို့ရဲ့ အနိုမ့်အမြင့်ပမာဏတွေကို  အာရုံခံဖို့ အသုံးပြုပါတယ်။ AC Input Volt: က ပြောင်းရင် Rectifier ရဲ့ အထွက် DC Volt: က  လည်းလိုက်ပြီး ပြောင်းလဲနေမှာပဲ ဖြစ်ပါတယ်။ ပုံ(၅) မှာ AC Sensing Section နမူနာလေး  ပြထားပါတယ်။

 -#Reference Voltage ။ Reference Voltage ဆိုတာကိုတော့ ကျွန်တော်ယခင်ဆွေး  နွေးမှုတွေမှာတော့ ပြောပြခဲ့ပြီးဖြစ်ပါတယ်။ အ၀င်အထွက်ဗို့တွေ ဘယ်လိုပဲပြောင်းလဲပြောင်းလဲ  သူကမပြောင်းလဲဘဲ စံသတ်မှတ်ထားတဲ့ ဗို့တန်ဖိုးတစ်ခု ဖြစ်ပါတယ်။ Zener Diode  ကိုဖြစ်  စေ ၊ Tl431 Precision Shunt Regulator ကိုဖြစ်စေသုံးပြီး Reference Voltage ကို  ဆောင်ရွက်နိုင်ပါတယ်။ ပုံ(၆) မှာ Reference Voltage ဆောင်ရွက်ထားပုံ နမူနာပြထားပါ  တယ်။

 -#Comparator Section ။ Comparator Section ဆိုတာကိုတော့ EPC ကပေးထားတဲ့  AC Volt: နဲ့ ကျွန်တော်အထက်မှာ ပြောခဲ့တဲ့ Reference Volt: တို့ကို နှိုင်းယှဉ်ပြီး အထွက် (1  (or) 0) တန်ဖိုးကို ထုတ်ပေးတဲ့အပိုင်းဖြစ်ပါတယ်။ အဲဒီ Comparator အထွက်ကို မူတည်ပြီး  Relay တွေကို ဖွင့်/ပိတ် ဆောင်ရွက်တာပါ။ Comparator မှာ ဘယ်အခြေနေမှာဆိုရင်  ဘယ် Comparator က (1) ထုတ်ပေးမယ်၊ ဘယ်အခြေအနေမှာ (0) ထုတ်ပေးမယ် စသဖြင့်မိမိ  တို့လိုအပ်သလို Design တွေလုပ်နိုင်ပါတယ်။ ပုံ(၇) မှာ Comparator တစ်ခုမှာ Voltage  Sensing နဲ့ Reference Volt: တို့နှိုင်းယှဉ်ပုံကို ဖေါ်ပြထားပါတယ်။

 #Control Section ။ Control Section မှာဆိုရင် ဘယ် Comparator က (1) ဖြစ်ရင်  ဘယ်  Relay ကို ဆွဲခိုင်းမယ်၊ ဘယ်Relay ကို လွှတ်ခိုင်းမယ် စသဖြင့် ထိန်းချုပ်မှုတွေ လုပ်  ဆောင်ပေးတဲ့အပိုင်းပဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာ Relay Drive လုပ်တဲ့ Transistor တွေကို  အသုံးပြု တည်ဆောက်ပါတယ်။ ကိုယ်သုံးမယ့် Relay ကိုမူတည်ပြီး Driver Transistor  ကိုရွေးချယ် အသုံးပြုသွားရမှာဖြစ်ပါတယ်။ Relay ကကြီးပြီး Driver Transistor က ငယ်နေ  လည်းမရပါဘူး။ 

 - #Protection Section ။  Protection Section မှာတော့ AVS ရဲ့ အထွက်ဗို့အားကို Sensing  လုပ်ထားပြီး EPC ဗို့းက သတ်မှတ်ထားတဲ့တန်ဖိုးထက် ကျော်လာသည်ဖြစ်စေ၊ AVS ရဲ့  အားနည်းချက်တစ်ခုခုကြောင့်ဖြစ်စေ သတ်မှတ်ထားတဲ့တန်ဖိုးထက် ဗို့တန်ဖိုးတွေကျော်လာခဲ့  ရင် မိမိတို့ရဲ့ အိမ်သုံးအီလက်ထရောနစ်ပစ္စည်းတွေ ပျက်စီးမှုမရှိရလေအောင် ကာကွယ်မှုတွေ  ပြုလုပ်ပေးရတဲ့ အပိုင်းပဲဖြစ်ပါတယ်။ ဒီအပိုင်းကတော့ ကျွန်တော်တို့ အိမ်သုံး Under/Over  Protector တွေအတိုင်းဘဲ ဆောင်ရွက်သွားတာဖြစ်ပါတယ်။ 

 -#Transformer Section။ Transformer Section မှာဆိုရင် Auto Transformer  စနစ်ကို သုံးထားတဲ့အတွက်ကြောင့် နန်းကြိုးကွိုင်တစ်ခုတည်းပေါ်မှာ မိမိလိုအပ်တဲ့ Volatage  တွေအတိုင်း Tapping တွေထုတ်ပြီးပတ်ရပါတယ်။ မိမိပြုလုပ်တဲ့ Design ပေါ်မှာမူတည်ပြီး  Tapping တွေကို ထုတ်ထားလေ့ရှိပါတယ်။ ပုံ(၈)  မှာ Auto Transformar Coil Winding ကို  ဖေါ်ပြထားပါတယ်။ 

 #Outut Section ။ Output Section အနေနဲ့ Relay တွေကို အသုံးပြုပြီးလုပ်ဆောင်ထားပါ  တယ်။ မိမိတို့ အသုံးပြုမယ့် AVS အရွယ်အစားပေါ်မူတည်ပြီးတော့ Reay ရဲ့ Ampere Rating  တွေကိုလည်း လိုက်ဖက်အောင် အသုံးပြုရမှာဖြစ်ပါတယ်။ Relay Connection လေးတွေ  ကို ပုံ(၉) မှာ ဖေါ်ပြထားပါတယ်။ မိမိတည်ဆောက်တဲ့ Design ပေါ်မှာမူတည်ပြီး Relay  ကပ်၊ကွာ ဆောင်ရွက်နိုင်ပါတယ်။ လေ့လာသူတွေအနေနဲ့ Relay ကပ်၊ကွာပုံစံလေးတွေကြည့်  ပြီး Design လေးတွေ စမ်းသပ်ဆောင်ရွက်နိုင်ပါတယ်။ 


Servo Type  Voltage Stabilizer

==========================

၁၀။ Servo Type Voltage Stabilizer တွေကတော့ စျေးကွက်မှာ သုံးနေတဲ့ LiOA ၊ STANDA စတဲ့ AVR အမျိုးအစားလေးတွေဘဲ ဖြစ်ပါတယ်။ ဗို့အားအတင်/အကျ လုပ်တဲ့နေရာမှာ Relay တွေကို မသုံးဘဲ ပြတ်တောက်မှုမရှိတဲ့ Servo Motor ကိုသုံးပြီးဆောင်ရွက်ပါတယ်။  

၁၁။ Servo Type AVS တစ်လုံးမှာ အောက်မှာဖေါ်ပြထားတဲ့ ပစ္စည်းအစိတ်အပိုင်းတွေနဲ့ တည် ဆောက်ထားပါတယ်။ ပုံ(၁၀) မှာ Servo Type AVS ရဲ့ Block Diagram ကို နမူနာ ပြထားပါတယ်။

 (က) Buck/Boost Transformer

 ( ခ ) Auto Transformer

 ( ဂ ) Servo Motor

 (ဃ) Control Circuit


#Servo Type Automatic Voltage Stabilizer အခြေခံအလုပ်လုပ်ပုံ


၁၂။ Servo Type AVS မှာ မီးအားအတင်၊အချကို Buck/Boost Transformer ၊ Toroidal Auto Transformer နဲ့ Servo Motor တို့က ဆောင်ရွက်ပေးပါတယ်။ Buck ဆို တာကတော့ ဗို့အားကို နိုမ့်ပေးတဲ့ အမျိုးအစားဖြစ်ပြီး ၊ Boost ဆိုတာကတော့ ဗို့အားကိုမြင့်ပေးတဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒါကိုပေါင်းပြီး Buck/Boost Transformer လို့ သတ်မှတ်တာပါ။ Isolation စနစ်ဖြစ်တဲ့ Primary Winding နဲ့ Secondary Winding ဆိုပြီးခွဲခြားတည်ဆောက်တဲ့ Transformer အမျိုးအစားပဲ ဖြစ်ပါတယ်။ ပုံ(၁၀) မှာ ပြထားတဲ့အတိုင်း Buck / Boost Transformer ရဲ့ Secondary Winding ကို AC Line အ၀င်နဲ့ အထွက်မှာ Series ချိတ်ဆက်ထားပြီး သူ့ရဲ့ Primary Winding ကိုတော့  Auto Transformer နဲ့ ချိတ်ဆက်ထားပါတယ်။ Control Circuit အနေနဲ့ AC အ၀င်ဗို့ကို အာရုံခံ၊ စံသတ်မှတ်ထားတဲ့ဗို့ (Reference Volt:) နဲ့နှိုင်းယှဉ် ပြီး Servo Motor က သူနဲ့ချိတ်ဆက်ထားတဲ့ Auto Transformer ရဲ့ Tapping မှာ လိုအပ်သလို မောင်းနှင်ပေးပါတယ်။ ဒီလို Servo Motor ေ့ရွှပြောင်းမှု ကြောင့် Auto Transformer ရဲ့ အထွက်ဗို့ကလည်း ပြောင်းလဲလာပါတယ်။ Auto Transformer ရဲ့ ဗို့အားပြောင်းလဲမှုကြောင့် Buck/Boost Transformer မှာ Primary Winding မှာ ဗို့အားအပြောင်း အလဲဖြစ်ပြီး သူ့ရဲ့ Secondary Winding မှာလည်း ဗို့အားကိုပြောင်းလဲစေပါတယ်။ ဒီလိုဗို့အားပြောင်း မှုပုံစံကို ပုံ(၁၁-က၊ခ) မှာ လက်တွေ့ပြသထားပါ တယ်။

၁၃။ Relay Type Transformer တွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ အားသာချက်အနေနဲ့ ဗို့အားအတက်အ ကျ ပြောင်းလဲတဲ့အခါမှာ မြန်ဆန်ခြင်း၊ လုံး၀ပျက်တောက်မှုမရှိခြင်း၊ အထွက်ဗို့အား တည်ငြိမ်မှုရှိခြင်း တို့ဖြစ်ပြီး၊ အားနည်းချက်အနေနဲ့ ကတော့ Coil ကြိုးတွေကို ပွတ်ဆွဲတဲ့ Servo Motor Arm တွေကို သန့် စင်ပေးရပါတယ်။


Static Voltage Stabilizer

+++++++++++++++++++


၁၄။ Static Voltage Regulator ဆိုတာက ဗို့အားအပြောင်းအလဲအတွက် Relay တွေ၊ Motor တွေကို မသုံးတော့ဘဲ IGBT (Insulated-Gate Bipolar Transistor) Electronic Component တွေနဲ့ ပြောင်းလဲမှုကို ဆောင်ရွက်ပေးတဲ့ AVS အမျိုးအစားဘဲဖြစ်ပါတယ်။ ဒီ AVS အမျိုးအစားမှာ Buck/Boost Transformer ၊ IGBT သုံး AC-AC Converter နဲ့ Controller တို့ပါ၀င်ပါတယ်။ အလုပ် လုပ်ပုံအကြမ်းဖျဉ်းကို ကျွန်တော်နားလည်သလောက် ပြောရရင် Control Board က Sensing လုပ်ပြီးရ ရှိလာတဲ့ အချက်အလက်တွေနဲ့ အရ IGBT ကို ပေးပို့ပါတယ်။ ပုံ(၁၂) မှာ Static Voltage Regulator ရဲ့  Block Diagram ကိုဖေါ်ပြထားပါတယ်။ 

၁၅။ IGBT ကနေ ဗို့အတင်၊အချအတွက် လိုအပ်တဲ့ဗို့ကို Pulse Width Modulation (PWM) စနစ်နဲ့ Pulse တွေကို Buck/boost Transformer ရဲ့ Primary Winding ဆီကိုပေးပါတယ်။ IGBT ကထုတ် ပေးတဲ့ PWM Pulse က ဗို့အားကိုမြှင့်ဖို့ဆိုရင် အ၀င်ဗို့နဲ့ In Phase ဖြစ်တဲ့ Pulse ကို ထုတ်ပေးပြီး ၊ ဗို့အားကို နိုမ့်ပေးဖို့ဆိုရင် အ၀င်ဗို့နဲ့ 180 Degree Out-Of Phase Pulse ကို ထုတ်ပေးပါတယ်။ ဒီAVR အမျိုးအစားမှာက ဗို့အားအတင်၊အချ လုပ်ဆောင်တဲ့နေရာမှာ Relay Type လို  Contact Point အပြောင်းအ ေ့ရွှအတွက်ကြာချိန်၊ Servo Motor လို အပြောင်းအေ့ရွှကြာချိန်တွေမရှိပါဘူး။ AVS မှာ အကောင်းဆုံး စနစ်ဘဲဖြစ်ပါတယ်။ ပုံ(၁၃) မှာ In-Phase နဲ့ Out Of Phase ပုံစံနဲ့ ဗို့အားထိန်းချုပ် တာ နမူနာပြထားပါတယ်။

၁၆။  ဒီစနစ်ကို ကျွန်တော်နားလည်သလောက် အခြေခံကိုရှင်းပြယုံသာဖြစ်ပြီးတော့ အမှန်တစ်ကယ် တီထွင်စမ်းသပ်တဲ့ ပညာရှင်များလည်းရှိကြပါတယ်။ ကျွန်တော့်ရဲ့ ဆွေးနွေးမှုမှာ လိုအပ်ချက်တွေရှိသလို အမှားအယွင်းများရှိခဲ့ရင်လည်း အပြုသဘောနဲ့တည့်မတ်ပေးဖို့ တောင်းဆိုပါတယ်။


#မီးအားမြင့်စက် ဘယ်လို၀ယ်မလဲ

+++++++++++++++++++++++


၁၇။ ခုနွေရာသီရောက်တော့  အပူဒဏ်ကာကွယ်ဖို့ လေအေးပေးစနစ်အမျိုးမျိုးကို နေ့ရော၊ညရောအ ပြိုင်သုံးလာကြတော့ မီးအားတွေကကျလာတယ်။ မီးအားမြင့်စက်တွေ ၀ယ်မယ်ဆိုရင် ဘာတွေဘာတွေ သုံးဖို့ ဘယ်လောက်ပမာဏ AVR တွေ၀ယ်ရမလဲ သိသူရှိသလို၊ မသိသူလည်းရှိမှာပါဘဲ။ ဆိုတော့ အီလက်ထရောနစ် အသုံးအဆောင်တွေရဲ့  လိုအပ်တဲ့ Power ပမာဏကို ဖေါ်ပြပေးသွားပြီး AVR လိုအပ်ချက်နဲ့ ကိုက်ညီအောင် ၀ယ်နည်းကိုဖေါ်ပြပေးသွားပါ့မယ်။ ပုံ(၁၄) မှာ အီလက်ထရောနစ် အသုံးအဆောင်တွေရဲ့  လိုအပ်တဲ့ Power ပမာဏကို ဇယားနဲ့ဖေါ်ပြထားပါတယ်။

၁၈။ မီးအားမြှင့်စက်/ မီးအားထိန်းညှိစက် (AVS) တွေမှာ သူ့ရဲ့ Power ခံနိုင်ရည်ပမာဏကို VA(Voltage x Ampere) နဲ့ အများဆုံး ဖေါ်ပြလေ့ရှိပါတယ်။ ဥပမာ- 1000VA(1kVA) ၊ 2000VA (2kVA) ၊ 3000VA (3kVA) …… 10000VA(10kVA) စသဖြင့်ဖေါ်ပြပါတယ်။ Watt  နဲ့ပြလေ့မရှိပါဘူး။ Watt နဲ့ သိရှိလိုရင်လည်း Transformer ရဲ့ Power Factor (0.8၊ 0.7) စသည်တို့နဲ့  VA တန်ဖိုးကို မြှောက်ပြီး (Watt) တန်ဖိုး ပြောင်းလဲပေးနိုင်ပါတယ်။ ဥပမာ-  1VA ကို Watt ပြောင်းကြည့်ရင် Watt = PF x VA ၊ Watt= 0.8 x 1 VA = 0.8 Watt ၊  10kVA ကို Watt ပြောင်းကြည့်ရင် Watt = 0.8 x 10000 VA = 8000 Watt ဖြစ်ပါတယ်။ Transformer ရဲ့ Core အရည်အသွေး၊ Coil အရည်အသွေး ၊ Transformer ပတ်ရာမှာ လက်ရာအပေါ်မူတည်ပြီး Power Factor က ကောင်းမှာဖြစ်ပါတယ်။ Power Factor မှာ (1) က (၁၀၀%) နှုန်းအကောင်းဖြစ်ပြီး လက်တွေ့နယ်ပယ်မှာ (0.9) လောက်ရှိခဲ့ရင် အ ကောင်းဆုံးအနေအထားလို့ သတ်မှတ်နိုင်ပါတယ်။

၁၉။ ကျွန်တော်တို့ မီးအားမြှင့်စက်တစ်လုံး ၀ယ်ကြမယ်ဆိုရင် မိမိအသုံးပြုမယ့် Load (အီလက်ထ ရောနစ် အသုံးအဆောင်ပစ္စည်း) က ဘယ်လောက် Watt ၊ VA ၊ HP ရှိသလဲ အရင်သိနိုင်ရပါမယ်။ ဒါကိုသိမှ မိမိသုံးမယ့် Load ရဲ့ (၂၅%) အပိုထားပြီး ၀ယ်ယူသင့်ပါတယ်။ အဲ့သလိုအပိုထားတဲ့ ပမာဏ (၂၅%) ကို Safe Margin လို့ခေါ်ပါတယ်။ ခု (1HP) Air-Com တစ်လုံးအတွက် စမ်းပြီး တွက်ချက်ပြ ပါ့မယ်။ မိမိသုံးမယ့် Air-Com က အရပ်အခေါ်အရ (၁) ကောင် (1 HP) ဆိုပါဆို့။ 1HP မှာ VA အနေနဲ့ ပြောင်းလဲမယ်ဆိုရင် အောက်ပါအတိုင်း ပြောင်းနိုင်ပါတယ်။

 -1HP = 745.7 Watts

 -Power Factor ကို အရည်အသွေးကောင်တဲ့ AVR သုံးမှာမလို့ (0.8) လို့သတ်မှတ်ပါမယ်။

-  Watt = PF x VA 

- VA = Watts / PF = 747.7 Watts / 0.8 = 934.625 VA  ~ ( အနီးစပ်ဆုံးတန်ဖိုး 1kVA)

- 1 kVA မှာ (၂၅%) Safe Margin ထပ်ပေါင်းရပါမယ်။ 1kVA ရဲ့  ၂၅% က 250VA ဖြစ်ပါတယ်။ ဒါကြောင့် 1000 VA+ 250VA = 1250 VA =1.25 kVA ဖြစ်ပါတယ်။

၂၀။ ဒါကြောင့် Air-Com (1HP) (၁)ကောင် သုံးဖို့အတွက်ဆိုရင် အနည်းဆုံး 1.25 kVA ပမာဏရှိ တဲ့ မီးအားမြှင့်စက် ၀ယ်ယူသုံးစွဲသင့်ပါတယ်။ စျေးကွက်မှာ 1.25kVA ၀ယ်မရနိုင်ဘဲ 2kVA လောက် ၀ယ်ယူနိုင်မယ်ထင်ပါတယ်။ ကျန်တဲ့ အီလက်ထရောနစ်ပစ္စည်းတွေကိုလည်း အထက်ပါတွက်နည်း အတိုင်း တွက်ချက်နိုင်ပါတယ်။ မိမိအိမ်မှာရှိတဲ့ အီလက်ထရောနစ် အသုံးအဆောင်အားလုံးအတွက် ဆိုရင်လည်း Watts အားလုံးပေါင်းပြီး ဒီအတိုင်းတွက်ချက် တပ်ဆင်နိုင်ပါလိမ့်မယ်။ 

၂၁။  နောက်တစ်ခုက ကျွန်တော်တို့ အရပ်ထဲမှာပြောလေ့ရှိတဲ့ စကားအရ ဟိုဘက်အိမ်က မီးအားမြှင့် စက်ကြီးနဲ့စောင့်ဆွဲတော့ ဒို့အိမ်မီးအားကျပြီလေ ဆိုတဲ့စကားကို ကျွန်တော် ကြိမ်ဖန်များစွာ ကြားဖူးပါ တယ်။တစ်ကယ်တော့ မီးအားမြှင့်စက်က စောင့်ဆွဲလို့ရတဲ့ Power စုပ်တဲ့စက်မဟုတ်ပါဘူး။ မီးအားမြှင့် စက်ကို အသုံးပြုလိုက်တော့ မီးအားမြှင့်စက်က လိုအပ်တဲ့ Power ပမာဏနဲ့ ကိုက်ညီအောင် မြှင့်ပေး လိုက်ပြီး အီလက်ထရောနစ် အသုံးအဆောင်တွေအားလုံး အသုံးပြုနိုင်သွားလို့သာ ကျန်တဲ့ အိမ်တွေမီးအားကျတာကိုတော့ သိရှိနားလည်စေချင်ပါတယ်………


















ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင်ကြပါစေ


Crdကိုသားငယ် (BE-EC)

Comments

Popular posts from this blog

Amplifier Audio System အကြောင်း (ဆရာမင်းမင်းထွန်း)

Amplifier Lesson 1_အင်ပလီဖိုင်ယာဖွဲ့စည်းပုံနှင့် ပါဝါဗို့တိုင်တာနည်းအကြောင်း (ဆရာမင်းမင်းထွန်း)

CRT TV Lesson-5_Power Supply Stages STR IC ကို မော်ကျူးကဒ်အစားထိုးနည်း အကြောင်း(ဆရာမင်းမင်ထွန်း)